မြင်းခြံသားတွေရေးတဲ့ခံစားချက်ကဗျာများ (Story Shop)
ကိုအောင်မျိုးခန့် ရေးတဲ့ ကဗျာလေးတစ်ပုဒ်....
(ချစ်သူဖတ်ဖို့ )
ဝေးရ တော့လဲ.......
ဒီ့ထက်နဲနဲ ပိုလွမ်းရတာအပြင်
ဘာများထပ် ဖြစ်စေချင်သေးတုန်း
ကံကြမ္မာ ဆိုတဲ့ကောင် ကို
မျက်စောင်းထိုးပြီးလက်ဝါးထောင်ပြလိုက် ချစ်သူ
သူ ထွက်ပြေးလိမ့်မယ်။
ဝါးးးးးးင ကြောက်ကြီးလို့ 
တို့ အတူတူ သူ့ ကို လက်ညိုးထိုးပြီး
အော်ရီကြမယိလေ။
တိမ်တွေ က လှနေတုန်းပဲ။
အနာဂတ်ဟာ အရင် က တို့ အိမ်မက်ပါပဲ။
ယုံကြည်တယ်။
ရွက်ဝေ
 -နှလုံးသားအပိုင်းအစများ- 
တခါတရံ
နတ်သမီးဆိုတာ
ဂျင်းပင် အကျပ်
ဂျင်းဂျက်ကပ် နဲ့
အသဲယားဖွယ်ပြုံး တက်လေရဲ့
အဲဒီတောက်ပ နေ သောအရာသည်
ငါ့ ကောင်းကင် ရဲ့ ကြယ်ပွင့်လေးသာဖြစ်၍
နီဆွေးဆွေး ခပ်ကွေးကွေး
နှုတ်ခမ်းလေးသည်
ငါ့ ကောင်းကင် ရဲ့ မိုးကုပ်စက်ဝိုင်းသာဖြစ်လေသည်
မင်း ပြုံး လိုက်တိုင်း
ငါ့ ကမ္ဘာ သည် ထိုအရာသာဖြစ်လေ၏ ။
(နွေဦးဆွေ)
နှလုံးသား အပိုင်းအစများ(၂)
---------------------
ငါ့ နှလုံးသားသို့
စီးဝင် သွားသောအရာသည်
မင်းကို လွမ်းဆွပ်ခြင်းသာဖြစ်၍
ငါ့ နှလုံးသားမှ ပြန်ထွက်သောအရာသည်
မင်းကို တမ်းတ ခြင်းများသာဖြစ်သည် ။
------------------------(-နွေဦးဆွေ)
ရေဆန်လမ်းမှာ
ရေဆန်လမ်းမှာ......
ဘ၀ဟာ
လက်ထဲက လက်ဘက်ရည်ခွက်လို
ဆတ်ဆတ်ခါနေတော့တယ်....
သေချင်းတရားနဲံ့ ချစ်ခြင်းမေတ္တာကို
အောင်နိုင်ဖို့ဆိုရင်
စကားလုံးတွေပဲ ရှိတော့တယ်....
မင်းဘာတွေဖြစ်ဖြစ်
ငါ မင်းကို သိပ်ချစ်ပါတယ်ကွယ်....။ ။
ရှေ့ကိုတစ်လမ်းဆက်လျှောက်ဖို့
နောက်ကို ဘယ်နှစ်လမ်းစာလျှောက်ရမလဲ
ဆူးခက်တွေနဲ့ ဆီးကြီုရင်
နောက်ကိုကြည့်ဖို့မလိုဘူး..........
ငါတို့ရှေ့မှာ လမ်းရှိတယ်.......
ပန်ူးပွင့်တွေရှိတယ်........
သဘာဝတရားရှိတယ်........
အတုအရောင်တွေရှိတယ်......
ချစ်ချင်းမေတ္တာ နဲံ့ သစ္စာတ၇ားကို
သက်သေပြဖို့ဆို၇င်
နောက်ကို လှည့်ကြည့်စရာမလိုဘူး ။
ဘာပဲဖြစ်ဖြစ်လေ
ငါ မင်းကို သိပ်ချစ်ပါတယ်ကွယ်။ ။
ဘ၀ ၊ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားဟာ
သား ကို သစ္စာဖောက်ပြီ အမေ........
ဒီလူမိုက်လေးက
စွဲလမ်းမိတာ တစ်ခုကို မြဲမြဲဆုပ်ကိုင်ထားတာကလွဲရင်
သား အမှားမလုပ်ခဲံ့ဘူး အမေ........
အဝေးကြီးဝေးတယ်...........
နီးနီးလေးဆိုပေမယ့်လဲဝေးနေတယ်
ဝေးကိုဝေးနေပါတယ်.........
ဘယ်လို နီးစပ်နိုင်ပါ့.......
စဥင်္းစားရင်း အတွေးတွေကုန်ခမ်းလာတယ်
ဘာပဲဖြစ်ဖြစ်လေ
ကျွန်တော်သူ့ကိုသိပ်ချစ်ပါတယ်...။ ။
ထောင်ချောက်တွေ ထောင်ချောက်တွေ
ဖြတ်သန်းခဲံ့ရ ................
သိရက်နဲံ့ နင်းဖြတ်
သွေးအလူးလူးနဲံ့
သေအံ့မူးမူးဖြစ်နေတာတောင်မှ
ပန်းပွင့်လေးရဲံ့ ရနံတစ်ရှိုက်ကို
ရှုရှိုက်လိုက်ချင်ပါသေးရဲံ့...........
ဘယ်လိုပဲဖြစ်ဖြစ်ပါကွဲံ့
အသိနဲံ့ သတိကပ်နေသရ်ျ
ငါ မင်းကို သိပ်ချစ်နေမှာပါကွယ်.။ ။
အမှောင်ထဲကိုရောက်ရောက်သွားတယ်..
အဲဒီအမှောင်ထဲကနေ
ပြန်ထွက်လာတော့
ပိတောက်တွေပွင့်နေပြီ...
ဘယ်လိုပဲဖြစ်ဖြစ်ပါ
ငါ.....
မင်းကို သိပ်ချစ်ပါတယ်..။ ။
တမ်တိုက်တွေ တိမ်တိုက်တွေ
ငါ့ အပေါ်မှ ပြိုပြိုကျလာနေတယ်
ဖြတ်သန်းလာတဲံဘ၀ပေါ်မှာ
ပစ်စလက်ခက်နေထိုင်လိုက်ပုံများ
ဒဏ်ရာတစ်ချက်ရရင်
ဟက်ခနဲ တစ်ချက်ရယ်လိုက်ရုံပါ......
အငြိုးအတေးဆိုတာ
ဘ၀အဆက်ဆက် ပါလာနိုင်တဲံ့အရာပါပဲ...
ဘာပဲဖြစ်ဖြစ်လေ
ငါမင်းကို.....
သိပ်ချစ်ပါတယ်...။ ။
ကော်ဖီခါးခါးလေးနှစ်ခွက်ေ၇ှ့မှာချ
ပန်းပွင့်လေးတစ်ပွင့်နဲ့
ကဗျာနဲ့ ချစ်ခြင်းမေတ္တာအကြောင်း
ဘ၀အကြောင်း
အကြေအလည်ဆွေးနွေးကြတဲံ့အခါ
မြင်လိုက်ရတယ်  မြင်လိုက်ရတယ်
ငါမြင်လိုက်ရပါတယ်....
မင်းဟာလဲ
ကဗျာဆရာမလေးပါပဲ.......
မသိစိတ်ထဲမှာ
ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလိုက်ပုံများ
ငှက်ကလေးတွေကိုတောင်
သိမ်ငယ်သွားစေတယ်........
ဘာအကြောင်းကြောင့်ဖြစ်ဖြစ်ကွယ်
ငါ မင်းကိုသိပ်ချစ်တယ်ဆိုတာ
မင်း........
ရဲရဲရင်ရင့် ယုံကြည်လိုက်စေချင်တယ်..
ငါ......
မင်းကို......
သိပ်ချစ်ပါတယ်ကွယ်........။               ။
                                    (  ကိုမွှေး)
ချစ်သူ...တွေဝေနေတုန်းလား
အခုဆို ငါတို့ဇာတ်လမ်းဟာ
အခန်းဆက်အလွမ်းတွေသာ
ဖြစ်နေခဲ့ပြီ...
မျှော်လင့်ချက်တွေကြား
အိမ်မက်တွေရဲ့ကြားမှာ
ငါတို့အချစ်တွေကို စတေးတော့မှာလား....
ဘဝဆိုတာ
အဖြေခက်တဲ့ပုစ္ဆာတွေတော့
ရှိမှာပေါ့
ကျေနပ်စွာခံယူတတ်ရင်
အချစ်တစ်ခုတည်းနဲ့လည်း
လုံလောက်ပါတယ် ချစ်သူ...
တို့အတူ
ယုံကြည်စွာ ရဲရင့်ကြမယ်ဆိုရင်
မနက်ဖြန်တိုင်းရဲ့ အဖြေကိုရှာဖို့
ငါ့ရင်ခွင်ဆီကိုသာ
မင်းအရောက်လှမ်းခဲ့ပါ....
(တိမ်တိုက်)
 ကိုမိုးကြီးကလည်းအနုအရွလေးတွေရေးတတ်တယ်နော်:P
ဆောင်းရယ်...ခဏ 
ချစ်ပါတယ် ဆောင်းရယ်..
သိပ်ချစ်ပါတယ် ...
ကိုယ်ဟာ ..ကဗျာတစ်ပုဒ်ဆိုရင်
မင်း...ခဏနင့်နေအောင် ခံစားစေချင်တာ..
ကိုယ်ဟာ.... သီချင်းတစ်ပုဒ်ဆိုရင် ..
မင်း...စိတ်ကိုခဏတာ..ပျော်ရွှင်မှု့ တွေ ဖြစ်စေချင်တာ..
ကိုယ်ပြောခဲ့တာ ကိုယ်ဟာ  မာယာပါ ...
တွေ့ ဆုံချိန်ခဏ..နွေးထွေးမှု့ တွေ ရစေချင်ရုံတင်ပါ..
ဒါဟာ ...ခံစားချက်သက်သက်ပါ
မျှော်လင့်ချက်နဲ့ အိပ်မက်မဟုတ်ဘူး...။
ဒါဟာ...ပြန်လည်ရရှိနိုင်တဲ့အပျော်သက်သက်ပါ ...
တစ်ဘ၀လုံးနဲ့ ယုံကြည်ချက်မဟုတ်ဘူး ...။
ဒါဟာ ..ခပ်ညံ့ညံ့မှော်ဆရာတစ်ယောက်ရဲ့ လှည့်စားချက်ပါ...
ကတိတစ်ခုမဟုတ်ဘူး
 ခဏတာ အပန်းဖြေစရာနေရာတစ်ခုသာသာရယ်..
ဒါဟာ တစ်ကယ်အချစ်တစ်ခုပါပဲ ဆောင်းရယ်...
သိပ်ချစ်ပါတယ် ..
အကောင်းဆုံးကို ငါ
မမျှော်လင့်ထားခဲ့ပါဘူး..။
ဒါပေမဲ့
အဆိုးဆုံးအတွက်တော့
ငါပြင်ဆင်ထားခဲ့ပါတယ်...။
တစ်ချိန်ချိန်မှာ ....
ရင်နာစရာ ဒဏ်ရာတွေနဲ့
နာကျင်ကျန်ရစ်ခဲ့ရမှာကို
ငါသိနှင့်နေလို့....။ ။
ဧရာဝတီ ငိုချင်း
နေထွက်တဲ့ အရပ်ကို
လက်ယာမှာ ထား
ရာဇဝင်များရဲ့ သတို့သမီးကိုဆန်
မြန်မာ့နှလုံးသားမြို့ဟောင်းဆီ မှန်းဆ ပြီး တက်ခဲ့ တာပေါ့
လမ်းတစ်လျှောက်မြင်ရတာ သံဝေဂ နဲ့ နှမြောတသ
၂၀၁၄ မရောက်ခင်ပေါ့... အဲဒိ တုံးကြီါ် တွေ
ဒီလိုဆုန်ဆင်းနေ ဦးမှာပေါ့
မြောက်နဲ့ အရှေ့ နဲ့ အနောက်ဖက်က ရိုးမတွေ
ပျော်လွန်းလို့ တဲ့ ပြုံးတောင်မပြုံးနိုင်တော့
အော်ဟစ်ဟားတိုက်ရင်း အူတွေတက်ကြ
ကျွန်တော်တို့ နှလုံး သွေး ကြောမ ကြီးလည်း
ဆေးလိပ်မသောက်တတ်ပဲ သွေကြောတွေ ကျဉ်ခဲ့ပေါ့
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ တဲ့
အခုတော့ ဘယ်သူမှမမှီ နိုင်တော့
လူတွေ ရဲ့ အတ္တနဲ့
ကမ်းပါးတွေပြိုကျ
ဧရာလယ်သောင်တွေထွန်းရင်း
နေရာ တစ်ချို့က ကျိုးပျက်ရင်း အင်းတွေဖြစ်လို့ပေါ့
သတိရမိတဲ့ ဆောင်ပုဒ်က
သူမဟုတ်သလို မိန့်မိန့် ကြီး
လှောင်ပြုံးကြည့်နေတယ်..
Save The Trees တဲ့
အော်...................
အော်သာငိုလိုက်ပါတော့ ဧရာဝတီ ရယ်...........
သားကြီး (WTRK) 28. 05. 2013
ယာမာဂူချီခင်ဆွေရီသို့
"အိမ်ထောင်ရေးဆိုတာ
မိန်းမတကာရဲ့
မဟာစီးပွားရေးအလုပ်ပဲ"
ငါ့ရင်ထဲမှာ ကွဲကြေရတဲ့အခါ
"မမထား" ဝတ္ထုထဲမှာပါတဲ့
ဗန်းမော်တင်အောင်ရဲ့စကား
မင်းခံစားစေချင်မိတယ်။
မင်းနားလည်ဖို့ကိုလဲ
ငါ့မယ်အလိုရှိတယ်။
ဒါပေမဲ့
ကဗျာဆရာ
ငါ့အဖို့မှာတော့
ဒါဟာ တကယ့်အမှား
ဖြစ်ခဲ့ပြီ။
ခင်ဆွေရီ ရဲ့
ဒီမှာ
ငါဟာ ဘာကောင်လဲ
ရင်ထဲမောနွမ်း
မင်းမုန်းစတမ်းဆိုရင်လေ
ပန်းတွေ ကလဲ
ငါ့အဖို့မလှပဲနေလိမ့်မယ်။
ငှက်ကလေးတွေကလဲ
ငါ့လက်ထဲက
ခွဲထွက် ပျံပြေးသွားလိမ့်မယ်။
ဇော်ဂျီ ရဲ့
မောင်သစ်ဆင်းကဗျာတွေ
မင်းသုဝဏ်ရဲ့
မောင်ခွေးဖို့ကဗျာတွေ
မင်းမရှိတဲ့အခါ
ငါဘာလုပ်ရမလဲကွယ်။
တစ်ရံရောအခါ
မင်းနဲ့ငါ
ကိုယ်ပိုင် ကဗျာရွတ်ဆိုပွဲလေး
ဖိုနွေးရင်ခုံကြ
လရောင် မှုံပျပျနဲ့
ညထဲကအလွမ်း
ဒဂုန်တာရာ ရဲ့
"ငွေလှေပေါ်က အနမ်း"
ငြိမ်းချမ်းခဲ့ကြရာ
ရွေးမြစ်ပြာကြီးလဲ
မစီးဆင်းပဲနေတော့မယ်။
မိုးရေထဲမှာကျေးလက်ဟာချစ်စရာ
မင်းမရှိတဲ့အခါ
လယ်ယာမြေနိုးထ
အဖိုးအဘနဲ့
ရိုးအတဲ့သွေးချင်းသားချင်းတွေ
ဝေးရင်းခြားရင်း
စကားကင်းမဲ့
ကောက်သင်းနံ့မဲ့
သက်တံရောင်မဲ့
ဝါခေါင်ပျောက်ဆုံး
တန်ဆောင်မုန်းမဲ့
ထွန်တုံးပိတ်ပွဲမဲ့
ရိုးထဲကချောင်းကလေးလည်း
တေးမဆိုပဲနေမယ်။
မိုးမခတော
ရိုးအသောတဲ့
ဟောဟိုက
မိုးစိုစိုနဲ့
လဲလဲပြိုပြို
တဲအိုအိုလေးတွေ
တေးမဆိုပဲနေမယ်။
ကဗျာထဲမှာ ကာရန်ရှာညှိတဲ့အခါ
အနာဂတ်ဟာ
ငါဘယ်လိုပဲဖွဲ့ဖွဲ့
မင်းမုန်းတဲ့ရင်
ဖွဲ့စည်းမွှေးရီ
ဒီရေမြင့်သစ်
ဖြစ်မလာနိုင်ဘူး။
ခင်ဆွေရီရဲ့
နှင်းစီတဲ့ဆောင်း
တွဲဖက်ကျောင်းမှာ
ခေါင်းလောင်းထိုးသံ
ညိုးညိုးညံတွေ
ပြန်လို့များကြားယောင်
မုန်းဟန်ဆောင်ရင်
နေရောင်ကျဲကျဲ
ပန်းခင်းထဲမှာ
လွမ်းရဲဖို့
တို့ချစ်လာတာ
လမ်းခွဲဖို့ မှ မဟုတ်ပဲကွယ်။
မနက်ခင်းဆိုရင်
လယ်ကွင်းတွေမှာလည်း
သီချင်းတွေလှပနေမယ်။
မိုနေးရဲ့ ပန်းရောင်နှင်း
ဗန်ဂိုးရဲ့ နေကြာခင်း
မီးတွင်းမှာ
မင်းဝါဝင်းသလို
အလင်းရောင်စိုစိုနဲ့
အို
ဘာပြောကောင်းမလဲ
ငါ့ရင်ထဲ
နှင်းခဲရွှေရောင်
လွမ်းအောင်လှပ
အဲဒီရသ
ခုကဗျာရေးတဲ့ည
ပြန်လို့ရတယ် အချစ်ရယ်။
ကောက်ရိတ်ရင်း
စပါးနယ်ရင်း
တလင်းပြင်ရှေ့
ရင်ငွေ့လှုံနွေး
သံမဏိချွေးစက်
အိပ်မက်ပွင့်တွေ
ရင့်ဝေလို့ပဲမကြွေ
ဝေလို့ပဲမဆုံး
ရိုမန်တစ်အပြုံးတွေနဲ့
ဟိုတုန်းက
မင်းပြုံးခဲ့တာတွေ
ငါအမှတ်ရနေတယ်။
ကြားယောင်သေးရင်
မင်းနားထောင်နော်
"ပတ္တမြားရောင်ဝါ
ကံ့ကော်ဦးတွေနဲ့" တဲ့
"ခင်နဲ့သာအတူတွဲကာ
ဘယ်ကမ္ဘာရွေ့စေ
ဖုန်းမသွေပါ
မမုန်းလေနဲ့အချစ်ဦးညှာ"
ဘာဖြစ်လို့များ
ချစ်ပြီးမှ
လမ်းခွဲချင်ရတာလဲ
ဝမ်းနည်းစရာပါ
ခင်ဆွေရီ။
ပိတောင်ဦးတွေနဲ့
ငါမူးဝေတုန်း
တို့လယ်မြေရိုးပြတ်ကုန်းမှာ
မင်းမုန်းမှာငါစိုးခဲ့
ငါမုန်းမှာမင်းစိုးခဲ့
ဒါနဲ့များ
ခွဲသွားဖို့လမ်း
ရှာချင်စမ်းတာလဲ
ငါ့ရင်ထဲက ခင်ဆွေရီ။
လောကကမ်းပါးမှာ
ငြိမ်းချမ်းရေးပို
လွမ်းရေးချို
ခေတ်ကိုဖြတ်သန်းရမယ်လေ။
ကျေးလက်ဟာ
ငါ့ကဗျာရဲ့
ရာဇဝင်ရုပ်ပုံ
ရွေးမြစ်ပြင်လှိုင်းလှုပ်ခုန်
လွန်းတောင်ပေါ်ကမုတ်သုံ
အားလုံးဟာယုံတတ်ရင်
ရင်ခုန် လွတ်လပ်
ချစ်မြတ်စရာပါ။
ခင်ဆွေရီရဲ့
မင်းနဲ့ငါနဲ့
ဘဝရဲ့ ပထမခြေလှမ်း
မိုးစိုစိုနဲ့လှမ်းတော့
ရင်ဖိုဖိုနဲ့ ချမ်းခဲ့တာပဲ
ခရီးအလွမ်း
ကြမ်းခဲ့တာပဲမဟုတ်လား။
အဲဒီတုန်းက
ငါရွတ်ပြခဲ့တဲ့
မာယာကော့ဖ်စကီးရဲ့ ကဗျာ
မင်းအခုပြန်နားထောင်ပါ။
"ချစ်တတ်ဖို့ နှလုံးသားတစ်စုံရယ်
ရင်အခုန်မှန်စေဖို့
ကုန်ထုတ်လုပ်မယ့်လက်နှစ်ဖက်ရယ်
ဒီနှစ်ခုပြည့်စုံရင်
ငါတို့လက်ထပ်ကြပါစို့" တဲ့။
မှတ်မှတ်ရရ
ရွေးမြစ်ပေါ်က
ပဲ့ထောင်ပေါ်မှာ
မင်းကို ငါခေါ်လာခဲ့တာပဲ။
မိုးရေထဲက
ရဲရင့်ရတဲ့
ဇူလိုင်လ ၁၃ရက်
ဘဝစာမျက်နှာ
၁၉၈၁ မှာ။
ငါကျောင်းဆရာ
မင်းကျောင်းဆရာကတော်
အရပ်ကခေါ်ရင်
ငါလေမင်းကို
ပျော်စေချင်ခဲ့တယ်။
မင်းရင်ထဲမှာ
ဘယ်လိုရှိမလဲ
ငါဝေခွဲကြည့်
သံစဉ်ညှိရင်း
ချိုသင်းကြိုင်လှောက်
ခဲ့တယ်လေ။
ဒါပေမဲ့
ငါဝန်ခံပါတယ် ခင်ဆွေရီ။
၂၃ ဇူလိုင် ၁၉၈၄ မှာ
ငါအသက်သုံးဆယ်
ပြည့်တဲ့အခါ
"ရွေးမြစ်ကမ်းက
ငါ့မိန်းမခင်ဆွေရီ
ငါ့ဂီတဟာ
မလှသေးဘူးကွယ်" လို့
ငါရေးခဲ့သေးပါတယ်။
"ရင်ခုန်သံ နှစ်ကာလများ"
ဆိုတဲ့
အဲ့ဒီကဗျာ
လူငယ်တဦးရဲ့ အတ္တရုပ်ပုံလွှာ
မင်းပြန်ရှာဖတ်နော်
"ငါ့ဘဝဟာ
ငါ့သား လရောင်ဝေး
ကြီးလာရင်ကဗျာရေးဖို့
ရိုးဟေးငြာသံ
ဒါမှမဟုတ် ရစ်သမ်
စံဖြစ်ရမယ်"
ငါ့ရဲ့ရင်ကို
မင်းမြင်မှာလား
မယားအသက်နဲ့
အားတက်စရာ
သားဟာ
ဓားတစ်လက်ပါကွယ်။
တကယ်လည်း
ငါစွဲမြဲယုံကြည်
အမည် သညာ
ခေါ်စရာကား
မဟာ လရောင်ဝေး
တု့ရင်သွေးရဲ့
အရေးတော်ပုံ
မွေးနေ့ကြုံလာ
မယုံချင်စရာပါ။
အဲဒီနေ့ဟာ
ရုရှား မဟာအောက်တိုဘာ
တော်လှန်ရေး
၆၅ နှစ်ပြည့်
(၇ ရက်၊ ၁၁လ၊ ၈၂ ခုနှစ်)
ငါမမေ့
လွမ်း၍နေဆဲပါ
ယာမာဂူချီ ခင်ဆွေရီ။
ငါ့အတွေးနဲ့
ပေးတဲ့နာမည်
ဂျပန်ပြည်က
"တိတ်ခ်မီအဝေး"
ရင်ထဲဆွေးလို့
မွှေးတဲ့ နှင်းဆီ
ခင်ဆွေရီဟာ
"ယာမာဂူချီ ခင်ဆွေရီ" ဖြစ်
ဘာဖြစ်သလဲ
ရုပ်ရှင်ထဲက
မိုးမိုးအေးလှသလို
ငါ့ရင်ထဲက
မခင်ဆွေရီ(မြန်မာပြည်)လည်း
လှတာပါပဲ မိန်းမရယ်။
အလွမ်းတစ်စ
ငါ့ရင်ဝမှာ
လွင့်ရှထိမှန်
နာကျင်ပြန်ပြီ
မဒမ်အောင်ဝေး
သို့မဟုတ်
ခင်ဆွေရီ။
ခင်ဆွေရီရဲ့
ငါ့ဘဝကို ကဗျာဖွဲ့
ငါ့ရဲ့ ကဗျာမှာ
"ပြည်သူထဲက
ဆင်းရဲချိုမြိန်
အိပ်မက်မဟုတ်။
ကဗျာအလုပ်
မဟာရုပ်နဲ့
ကျွန်ပ်" လို့
ငါ သရုပ်ဖော်ခဲ့ပြီ။
အဲဒီကဗျာ
"အချိုမြိန်ဆုံး ငရဲ" ထဲမှာ
ငါ ဒီလိုခံစား
ငါ့ရဲ့သဘောထား
ခါးသီးပေမယ့်
ချိုမြခဲ့ပါပြီကွယ်။
"ဒုက္ခရှိမှ
ဘဝမြင့်မြတ်
လှပတတ်၏။
သိက္ခာမာန
အကျမခံ
ကံ
ကံ၏အလုပ်
ကျွန်ပ်မသိ"
မသိလို့လည်း
ငါဆင်းရဲနေတာပေါ့ကွယ်။
ငါဆင်းရဲလို့လည်း
မင်းလမ်းခွဲချင်တာပေါ့ကွယ်။
လမ်းမခွဲခင်ဝမ်းနည်းရင်လည်း
နည်းပါ
ငါရေးတဲ့စာ
ငါ့ကဗျာ
မင်းဖတ်ပါနော်။
ဘာပဲဖြစ်ဖြစ်
ငါ
မင်းကိုချစ်နေဦးမယ်။
တွယ်တာနေသမျှ
ငါ့ဘဝရဲ့
သုခတစ်ခြမ်း
မင်းယူစမ်းလေ
မင်းဘဝရဲ့
ဒုက္ခတစ်ခြမ်း
ငါ့ကိုကမ်းလေ
တစ်ခန်းမရပ်
အလွမ်းဇာတ်လည်း
ချစ်တတ်ရင် ချစ်စရာ
မောင်ခိုင်မာ ပြောသလို
"ပလူကောင်ကို
အိမ်မြှောင်ဆွဲသလိုပ
အပူရောင်
အိမ်ထောင်ထဲမှာ" နော်။
ယာမာဂူချီ
ဒီနာမည်
ပြည်သူထဲမှာ
ကဗျာဆရာ ပေးခဲ့ပြီ။
ကဗျာထဲမှာ
ငါရေးဖူးခဲ့
"နောင်လာမယ့်
နှစ်ဆယ့်တစ်ရာစုမှာ
အောင်ဝေး
လူဖြစ်သေးရင်
ကလေးတစ်ဒါဇင်
ခင်ဆွေရီ ကျမ်းစာတစ်အုပ်
အဘိုအိုကြီးရုပ်နဲ့" လို့
အဲဒီကဗျာ
၈၆ ဇန်နဝါရီ
ရုပ်ရှင်အောင်လံမှာ
မင်းပြန်ဖတ်ပါ။
အနာဂတ်မှာ
ငါဘာဖြစ်နေမလဲ
ငါမင်းကို
ဘယ်လိုသဘောထားမလဲ
မျိုးဆက်သစ်ကို
ငါဘယ်လို ပျိုးထောင်မလဲ
ငါဘယ်သူဆိုတာ
မင်းသိလာပါလိမ့်မယ်။
ပြန်ပြောပြရင်လည်း
သံယောဇဉ်ပဲ
ရင်ထဲက
ဆွဲထုတ်ရတော့မယ်။
"အောင်ဝေးခံစားမှုများ"
ဆိုပြီး ခပ်ပါးပါးကဗျာစာအုပ်
စာကူးစက်နဲ့ထုတ်တော့
ငါ့ရုပ်ပုံလွှာ
"မလင်းပြာ" ဆိုတဲ့
နာမည်နဲ့
မင်းရေးတဲ့အမှာ
ဒီလိုပါတယ်။
"သူ ကဗျာရေးရင်
သားမေ့မယားမေ့ပါ။
သူ့ကဗျာတွေဟာ
တစ်နှစ်လုံးနေမှ
မဂ္ဂဇင်းမှာ
သုံးလေးပုဒ်ပါဖို့
အနိုင်နိုင်ပါ။
ပါပြန်တော့လည်း
ကဗျာတစ်ပုဒ်မှ
စာမူခ
အစိတ်သုံးဆယ်
ဒီဇယ်ဖိုး
ရေနံဆီဖိုး
ကုန်ရတာနဲ့
မကာမိပါဘူး"
ငါတောင်းပန်ပါတယ်။
ယာမာဂူချီ ခင်ဆွေရီ။
မင်းရည်မှန်းတာကို
ငါ မရည်မှန်းနိုင်သေးနိုင်တာပဲ
ငါဝမ်းနည်းတယ်။
ငါယုံကြည်တာကို
မင်းမယုံကြည်နိုင်သေးတာလည်း
ငါဝမ်းနည်းတယ်။
ငါ့ရင်ထဲမှာ
ကဗျာ
ကဗျာထဲမှာ
ပြည်သူ
ပြည်သူထဲမှာ
မင်းလည်းပါတယ်။
ဒဂုန်တာရာဟာ
ငါ့ပြည်သူပဲ
လူထုဒေါ်အမာဟာ
ငါ့ပြည်သူပဲ။
ကြည်အောင် က စ
မောင်လင်းခက် အဆုံး
အားလုံးဟာ
ငါ့ပြည်သူပဲ။
ခင်ဆွေရီ
လရောင်ဝေး
နောင်သမီးလေးမွေးလို့
ကြည်အေး
နုနုရည်အင်းဝ
မွှေးကူးထုံရှ
သင်းမြခဲ့ရင်
လှတဲ့ "နှင်းဆီဝေး"
ဟာလည်း
ငါ့ရဲ့ ပြည်သူပါပဲ။
ပြည်သူရှေ့မှာ
ကဗျာဆရာ
အိမ်ထောင့်ဦးမှာ
ကဗျာဆရာ
ထပ်တူမကျတာတော့
မင်းခွင့်လွှတ်ပါ။
ရွာမှာတုန်းက
သင်ပုန်းဟောင်းနဲ့
ကျောင်းဆရာ
မြို့မှာနေတော့
မြေဖြူမကိုင်
'ပင်မရေစီး"
စာအုပ်ဆိုင်ထိုင်တဲ့
ခေတ်ပြိုင်ကဗျာဆရာ
ငါဟာငါပါပဲ။
ပထမကျေးလက်မှာ
တွဲဖက်ဆရာသုံးနှစ် (၁၉၇၉-၈၂)
နောက်တော့
ရန်ကုန်မှာ
မဟာဝိဇ္ဖာနွံနစ်
ကဗျာဆရာဖြစ်တဲ့ တစ်နှစ်
(၈၂-၈၃)
ပြီးတော့ တွဲဖက်ဆရာ
ကျေးလက်မှာ
ဒုတိယမ္ပိနှစ်နှစ် (၈၃-၈၅)
ခုတော့ မြောင်းမြမှာ
(၈၅-၈၆)
ထမြောက်စိမ်းမျစ်
ကဗျာနဲ့ပြန်ချစ်
မိန်းမနဲ့ရန်ဖြစ်
ဒါခေတ်ထဲက
ဆင်းရဲတဲ့ အိမ်ထောင်ရေးမှာ
လွတ်လပ်ကာရန်
ပုံသဏာန်အသစ်နဲ့
ကဗျာသစ်ပဲပေါ့ကွယ်။
ဆိတ်ဖလူးရနံ့ကို
လွန်မြောက်ပြီးတဲ့နောက်
နှစ်နှစ်က ချစ်သူဘဝ
ငါးနှစ်က
အိမ်ထောင်သည်ဘဝ
ဒုက္ခချိုမြ
လှပခဲ့ပြီ ခင်ဆွေရီ။
ဒီအချိန်မှာ
ငါဟာ
အိပ်မက်နေတာလား
ဆိုတော့လည်း
မယားရယ်
သားရယ်
စားဝတ်နေရေး
ရေးသုံးရေးပဲ
အတွေးထဲမှာ
စိုင်ခဲခဲ့တယ်။
လူမှန်ရင်
တာဝန်ကြီးနှစ်ခု
မျက်မှောက်ပြုရမယ်
တစ်ခု က ကုန်ထုတ်လုပ်ရေး
နောက်တစ်ခုက
မျိုးဆက်ပြန့်ပွားရေး
အဲဒီ အရေးထဲ
ငါလည်းခိုဝင်
ရင်ခုန်ခဲ့တယ်။
ဒါပေမယ့်ကွယ်
"တိုက်ကားမရလည်း
ဆိုက်ကားခ ရှိတဲ့အခါ
ဟင်္သာတ ပေတရာ
ပျော်စရာပါ" တဲ့
မောင်နွယ်ထွဋ်ရဲ့ ကဗျာကိုပဲ
ငါ ကိုးကားရတော့မယ်။
ကဗျာဆရာနဲ့
သူရဲ့ အိမ်ထောင်ရေးမှာ
ဆင်းရဲတာ ဆန်းသလား
သင်းကွဲတာ
ဆန်းသလားကွယ်။
ငါ့အဓိက
ဘဝ အလွမ်းအမောအမြင်
သရုပ်မှန်ရင်တော့
ခင်ဆွေရီ
နာခံရမယ်။
ဘဝက
အသိကိုပြဌာန်း
လူတန်းစားတူမှ
ခံယူချက်ညီ
ယုံကြည်ခြင်းမှာပဲ
နှင်းဆီပွင့်တယ်။
"အချစ်ရေ
မြေနဲ့ကောင်းကင်
မြင်နေသမျှ
အလှခေတ်ဦး
ဖူးသစ်လာမှာပါပဲကွယ်
ယုံပါ" တဲ့
မောင်လေးအောင်ရဲ့ ကဗျာ
ခုနေမှာ
ငါ ဒါပဲရွတ်ပြနိုင်သေးတယ်။
ငါတို့အိမ်ထောင်ရေး
မလှသေးလည်း
တို့တွေးစရာ
ဘယ်ကဗျာဆရာရဲ့
အိမ်ထောင်ရေးဟာကော
လှပါသလဲ။
ကဲ
ရင်ထဲပြေရှ
နွမ်းလျစဉ်းစား
အလွမ်းအားအင်
သစ်တော့ကွယ်။
ပုသိမ်မှာ မောင်အောင်ပွင့်
ဇနီး(ဒေါ်)နန်းညွှန့်ရွှေ
ရင်ဖြင့်ရင်းနှီး
ဘဝခရီးကြမ်း
ဆူးခင်းလမ်းမှာ
သား
"မောင်ကြီးငြိမ်းချမ်း" တဲ့
သမီး
"လုံမငြိမ်းချမ်း" တဲ့
မချမ်းသာပေမယ့်
လွမ်းစရာကွယ့်။
ယာမာဂူချီရဲ့
ဒီလိုပဲ
ခေတ်ပြိုင်ထဲမှာ
ကဗျာဆရာဆိုတာ။
ခံယူတတ်ရင်
ခံယူချင်စရာ
ရင်ထဲမှာ
ဘာပဲ ပူလောင်
အမှောင်ဖြစ်ဖြစ်
တစ်ခေတ်တစ်ခါ
ကဗျာတစ်ပုဒ်
စာတစ်ပုဒ်ပဲ
ရေးထုတ်လိုက်ရ
ရေးတဲ့ခဏမှာ
နှလုံးစိတ်ဝမ်း
ခဏငြိမ်းချမ်း
ရတာပဲမဟုတ်လား။
ပူတတ်ရင်လည်း
ပူစရာပဲလေ
ကျဉ်းထဲကျပ်ထဲ
ရှောင်လွှဲမရ
အိမ်လခ
ဆိုင်ခန်းခ
မီတာခ
ရှိသမျှတွေ
လကုန်ရင်
ရင်ထဲလောင်မြိုက်
မူးမိုက်ပြိုလဲ
သေပဲသွားမလား
စားစရာမရှိ
လျော်စရာရှိနဲ့
မရှိခြင်းတွေ
မြင်းရိုင်းငါးကောင်
မီးဖိုချောင်မှာ
ခြင်ထောင်ထဲမှာ
မည်းမည်းမြင်ရင်
ရန်သူထင်စရာ
တစ်ခါတစ်ခါ
ငါလည်း
စိတ်ညစ်ရတာပါပဲကွာ။
ခင်ဆွေရီမ ရဲ့
မင်း ဘဝက
မိန်းမ လည်း မိန်းမ
ကဗျာ့ဆရာ့ မယားလည်း ကဗျာဆရာ့မယား
ငယ်ဂုဏ်ကလည်းထွားတော့
ပူများပူရင်အမှန်ပဲ
ငါ ငြူစူချင်ခဲ့တယ်။
ဒါဟာ
ငါ့ရဲ့အမှား
ငါမှားပါတယ်ကွယ်ဆိုတော့
ဟော
မင်းငိုပြန်ပါပကော။
မင်းငိုရင် ငါချော့
ငါချော့ရင် မင်းမူ
မင်းမူတော့ ငါစ
ငါစလို့မင်းစိတ်ကောက်ရင်
ဟန်ဆောင်လို့ ငါအိပ်
မီးပိတ်တော့လည်း
ညည်းစိတ်လျော့ရတာပဲ
မဟုတ်လား။
ဒီလိုပဲလေ
မင်းပဲဖြစ်ဖြစ်
ငါပဲဖြစ်ဖြစ်
ခေတ်ပြိုင်ထဲမှာ
အဲဒီ အိမ်ထောင်မှု
ချစ်လို့ထုသွန်း
လွမ်းဖို့ထူထောင်
လဲပြိုရအောင်မှ မဟုတ်တာ။
ဒါနဲ့များ
တရားလမ်းလွဲ
အားစမ်းပွဲမှာ
လမ်းခွဲဖို့စကား
မင်းနှလုံးသားက
ပြောကြားချင်ရတာလဲကွယ်။
မင်းမှာ
ကောင်းကင်မရှိပေမယ့်
ငါ့မှာ
ကဗျာ
မြေလွှာရှိတယ်။
ငါ့ကဗျာဟာ
အနာဂတ်ကို
ဖွဲ့စပ်ကြိုရင်း
မင်းကိုလည်း
"ရဲဘော်
ရဲဘော်
ရဲဘော်" လို့
အော်ရင်းဟစ်ရင်း
စည်းရုံးရင်းနဲ့
လမင်းတစ်ရာ
ထိုနေရာကို
ပန်းပေါင်းတစ်ရာ
ထိုအခါကို
ရာဇဝင်နဲ့
အချစ်နဲ့
ခေတ်ရဲ့အမှန်တရား
အသစ်ဖွဲ့ခံစား
ခေါ်ဆောင်သွားလိမ့်မယ်။
ဘဝဆိုတာ
လှပစွာ
ဆင်းရဲတတ်ဖို့ပဲလိုတယ်။
နောင်အနာဂတ်မှာ
မင်းဟာ
မျိုးဆက်တစ်ဆက်ရဲ့ မိခင်
ဖြစ်ချင်လည်းဖြစ်မယ်။
ငါ့ရင်ထဲမှာတော့
မင်းဟာ
ယာမာဂူချီလို လှပ
အေးမြရုံနဲ့
လုံလောက်ပါတယ်ကွယ်။
မင်းရယ်
ငါရယ်
သားတွေသမီးတွေ
ဖွဲ့စည်းစိမ်းသင်း
ကြီးပြင်းလာတဲ့အခါ
မောင်သာနိုး ကဗျာဖွဲ့သလို
"မင်္ဂလာပါ နံနက်ခင်း" လို့
လာမယ့်နှစ်ဆယ့်တစ်ရာစု
ချစ်သူ အိပ်မက်နှုတ်ခမ်း
လက်ဆွဲနှုတ်ဆက်နမ်းရအောင်။
ချစ်တတ်ပြီး
သတ္တိရှိမယ်ဆိုရင်
အနာဂတ်ဟာ
ထာဝစဉ် ချိုမြနေမှာပါ။
ငြိမ်းချမ်းရေးသာ
ရမယ်ဆိုရင်
ရာဇဝင်မှာ
မိန်းမမြတ်မိခင်တွေဟာ
ကောင်းကင်တစ်ခြမ်း
ပခုံးထမ်းပြီး
လမ်းကြမ်းကြမ်းလည်း
လျှောက်လှမ်းနိုင်ပါသတဲ့
ကဲ
ဘယ့်နှယ့်လဲ
ငါ့ရင်ထဲက
မခင်ဆွေရီ (မြန်မာပြည်)။ ။
အောင်ဝေး
ပေဖူးလွှာ၊ ၁၉၈၆၊ ဇူလိုင်။
နှုတ်ဆက်ခက်တဲ့ အခါ
တစ်ခါ .. . တစ်ခါ
အချစ်ဆိုတာကို
သေချာမသိလို့ ....
တစ်ခါ ... တစ်ခါ
သာမန်လျှောက်ရမယ့်လမ်းမှာ
ခြေရာတွေ အထပ်ထပ်ကျန်ခဲ့လို့...
တစ်ခါ ... တစ်ခါ
အမှားတွေ ပြန်ရှာတွေ့ပေမယ့်
အဲဒီပင်လယ်မှာ
အသေတွေချည်းပဲ ....
တစ်ခါ ... တစ်ခါ
ပြန်ကောက်မရတဲ့ အိပ်မက်ဟာ
တော်တော်ကြာမှ
သတိရလာတတ်တာမျိုးတွေနဲ့ ...
ကိုပိုင်တဲ့ အဆုပ်ကို
အလုပ်မလုပ်ချင်လို့
နှုတ်ဆက်သွား ရတာတွေနဲ့ပဲ ......
အချစ်ရယ် မပျိုးဘူးတဲ့ ပန်းမို့
ငါ့မှာ
မြေနီလမ်းရယ်လို့
မရှိပါဘူး......
တစ်ခါ ... တစ်ခါ
ပြန် .. ပြန်လာတယ်ထင်ရတဲ့
တိမ်တွေကိုလည်း
မမှတ်မိဘူး ....
တစ်ခါ ... တစ်ခါ
မာဖလာမရှိတဲ့ဆောင်းမှာ
ငါတစ်ယောက်တည်း
ခိုက်ခိုက်တုန်အောင်
မင်းကို ... သတိတွေရလို့ ....
တစ်ခါ ... တစ်ခါ
ထင်မထားတဲ့လမ်းမှာ
ပန်းတွေပွင့်နေတာမျိုးနဲ့ ....
အချစ်ရယ်
တစ်ခါ ... တစ်ခါ
သတိရလို့
တကယ်တမ်းတမိတဲံ့ အခါတော့
အဲဒီ မြေနီလမ်းကို
ငါလည်း
တစ်ခါ ... တစ်ခါ
သွားချင်သွားမှာပေါ့ ...............။။။။။။။ မိုးညို
အကြောင်းက ...............
ပျော်တော့ ပျော်ပေါ့ညီလေး
ရေပူ ရေအေး
တစ်ခါတည်းနဲ့ ဝေးသွားမယ်
မင်းရွေးတဲ့အရာက
ခါးမှန်းမသိ မှားမှန်းမသိ
ဘယ်လိုပဲ ဖြစ်ဖြစ်
မင်းဘက်ကကြည့်ရင်
တစောင်းကြီးမှန်းသိနေတာကို .....
မင်းပိုင်တဲ့ အရာက
အမှန်မှန်းမသိ အကျန်မှန်းမသိ
ဘေးလူက မြင်ရင်
မင်းစကားတွေ
ကိုယ့်ကိုကိုယ် ပြန်ထိနေတာကို ....
ပျော်တော့ ပျော်ပေါ့ ညီလေး
ချော်လဲ ရောထိုင်
ဒါတွေ မင်းပိုင်ပါတယ် ...
ပျော်တော့ ပျော်ပေါ့ ညီလေး
အတောင် ထွက်ခါစပဲရှိသေးတယ်
မင်းရင်ဝက ဒဏ်ရာနက်နက်ကို
ငါတို့ က တဖက်သက်မပြောပါဘူး
ဒါပေမယ့်
မင်းရဲ့လက်က
ဆူးတွေကိုပဲ သက်သက်ချနေရတော့
ကိုယ့်အိုးကို မလုံရင်ဖာ
သူများကို လာလာမထိခိုက်နဲ့ .....
ပျော်တော့ ပျော်ပေါ့ ညီလေးရေ.....
တိမ်ဆိုး
ဒီမှာလေ
နိုဝင်ဘာက ကန်ထုတ်ခဲ့တဲ့ကောင်...
လက်ဆယ့်နှစ်ချောင်း ပြည့်အောင်မထောင်နိုင်ပဲ
နှစ်သစ်ကူးဖို့ မီးသွားညှိတဲ့ကောင်...
ဂစ်တာတစ်လက်ကို ဟန်ပါပါ ကိုင်ရင်း
ခြေခြင်းချိတ်ထိုင်နေတဲ့ကောင်...
ဝါပင်က ဂွမ်းလေးတွေမြင်ရုံနဲ့
အနွေးထည် တစ်ထည်ရှိရုံနဲ့
ဆောင်းကိုချစ်တယ်ဆိုတဲ့ကောင်
သိပ်အမြော်မြင်ရှိတဲ့ကောင် .....
ဖိနပ်တစ်ရံ အပိုထည့်ပြီး
မျက်မှန်အထူကြီးတပ်
ကမ္ဘာ့မြေပုံ ရပ်ကြည့်နေတဲ့ကောင်...
သန်းခေါင်ယံခေါင်းလောင်းသံကြား မှ
ထိုင်နေတဲ့ မီးပုံတွေအလယ်မှာ
ကျွန်တော်သိတဲ့ ... ကျွန်တော်သိပ်သိတဲ့
X ' mas တွေ မပါခဲ့ဘူး အမေ ...........
ရင်ထဲက ထွက်လာတဲ့ ကဗျာတစ်ပုဒ်ကို
ရေးပြီးတဲ့ အခါမျိုး
အရမ်းငတ်လို့ ဆေးလိပ်ကို အငမ်းမရ
သောက်ပြီးတဲ့ အခါမျိုးမှာ ကျန်ခဲ့တဲ့
မော ... ပန်း ... မူး .... ဝေ ..တဲ့အချိန်
ဟုတ်တယ် အဲဒီ အချိန်မျိုး
နာရီသံမကြား
ရထားဥသြသံမကြား
မိခင်ပျောက်နေတဲ့ ကလေးငိုသံမကြား
တနင်္ဂနွေ ရဲ့ စန္ဒယားသံ မကြား
..............
......................
အိမ်ရယ် ... မင်းကိုခွဲခွါတာ မဟုတ်ပါဘူး
မင်းကိုယ်တိုင်က တည်မြဲလွန်းလို့ပါ ......
ကြည့်လေ ဒီမှာ
ရေဒီယိုတစ်လုံးနဲ့ အမှောင်ဖုံးနေတဲ့ကောင်
ပါးပေါ်က မျက်ရည်စက်တွေတောင်
တစ်ဝက်တစ်ပျက်နဲ့
အေးခဲ ရပ်တန့် ................
ဒီမှာလေ
ဆောင်းကိုသိပ်ချစ်တတ်တဲ့ကောင်
မီးဖိုမရှိ နွေးထွေးခြင်းမရှိ
Church ရှေ့က ဖယောင်းတိုင်လေး
လေကာပေးမယ့်သူ မရှိ
အိမ်ရှေ့ကစောင့်နေရှာမယ့်
အမေအိုဆီ
ပြန်လာပေးမယ့်
သိပ်မမြော်မြင်ရှိတဲ့ကောင် ......မရှိ
...............
..................................
မိုးညို
-သက်တောင့်သက်သာ မရှိခြင်း -
ဘာမှ မတူးဆွရင် တောင်မှ
တစ်ချို့ ..တစ်ချို့ ..
အလွမ်းတွေ ...
ခလုတ်ထိမှ အမိတ မိသလိုမျိုး
နှစ် ဆယ်ချီကြာတတ်ပေါ့ ...
ဘယ်ဘက်ရင်အုံက ညတစ်ညကနေ ....
လွမ်းမိတဲ့ညအထိ(မနေ့ တစ်နေ့ က)။
ကိုယ်လေ ...
ဘ၀ ဆိုတာကြီးထိ တွေးဖြစ်ခဲ့ ရင် ..
ရင်ခွင်ထဲဆွဲသွင်းနိုင်ခဲ့ဖြစ်ဘူး ..
(စိတ်ကူးနဲ့ တောင်မှ)
နတ်ဘုရားတစ်ယောက်ရဲ့ ကျိန်စာ ဒါပဲနေမှာ ...
ကောင်မလေးရေ ...
ငါ့ကိုငါ့ ခွင့်မလွှတ်တဲ့ ငါ့ကို ..
ခွင့်လွှတ်ကွာ ။
                      (မိုးဇော်)
ကိုယ်ရေးအထ္ထုပ္ပတ္တိ(၂)
လာပါညီလေး
ဒီမှာထိုင်ပါ
ရော့ခ် သီချင်းတွေနားထောင်ပါ
လဖက်ရည်သောက်ပါ
စီကရက်ဖွာပါ ယုဇနသောက်ပါ
ငါတို့ ပြောတာနားထောင်ပါ
ခါးလေးကိုကိုင်းထား
မျက်လုံးတွေက၀ိုင်းနေပစေ
နားမလည်တာရှိရင်မေး
ပြန်မပြောနဲ့ ဝင်မဆွေးနွေးနဲ့ 
မင်းကငါတို့ လောက်သိလို့ လား
ကွန်မြူနစ် ဆိုရှယ်လစ်
ခုတလောအများသုံးအိမ်သာလို အသုံးများနေတဲ့
ဒီမိုကရေစီ အဲဒီလိုဝါဒတွေအကြောင်း
ဘီလ်ဂိတ်ကအစ ခေတ်ပျက်မြန်မာသဌေးတွေအဆုံး
စီပွားရေးအယူအစတွေ ဂျပန်နဲ့ စကော့ရှယ်ရာ
အကြောင်း
ကဗျာ ပါဒ ရစ်သမ် ကာရံ
အဲဒီလိုအနုပညာတွေအကြောင်း
ခုတလောတအားရောင်းကောင်းတဲ့ဒေါ်အောင်ဆန်းစုကြည်
ဗိုလ်ချုပ်အောင်ဆန်း
အကြောင်း
မင်းတို့ အကြိုက် ယောက်ျားလေးများနားစိုက်ထောင်ကြတဲ့
လိင်ကိစ္စ
အားလုံးကြားရမယ်
သေချာနားစိုက်ထောင်ညီလေး
ငါတို့ ကိုပြန်မပြောနဲ့ 
မင်းနဲ့ ကောင်မလေးအဆင်ပြေရဲ့ လား
မင်းအသည်းကွဲနေလား
ရည်းစားလိုချင်တာလား
ငါတို့ ကိုပြောပါ ဆရာတင်ပါ
ပြန်မပြောနဲ့ မဆွေးနွေးနဲ့ 
မင်းကငါတို့ လောက်သိလို့ လား
ဟိုဘက်ဝိုင်းကလူကြီးကိုကြည့်နေတာလား
အဲဒီလူကြီးကအလကားလူ
အသက်သာကြီးတာငါတို့ လောက်သိတာမဟုတ်ဘူး
ဒီမှာညီလေး ငါတို့ ကပါဝါမတူရင်လူရာမသွင်းဘူးကွ
ပါဝါသာရင် အဖတ်မလုပ်ဘူး
ငါတို့ ပြောတာနားထောင် ဘာမှပြန်မပြောနဲ့ 
မင်းကငါတို့ လောက်သိလို့ လား
မင်းရည်းစားဘယ်နှစ်ယောက်ထားဘူးလည်း
လူဘယ်နှစ်ယောက်ကိုဘက်ဘူးလည်း
ဒီမှာညီလေးငါတို့ ဟာ ဆယ့်နှစ်ကြိုးကုန်နေတဲ့
ကဝေတွေဖြစ်တယ်ကွ
ငါတို့ ကိုပြန်မပြောနဲ့ မင်းကငါတို့ လောက်သိလို့ လား......
ဦးသိန်းစိန်ကိုမင်းကလေးစားတာလား
ဗိုလ်ချုပ်ကိုမင်းကလေးစားတယ်ပေါ့
ဒေါ်အောင်ဆန်းစုကြည်ကမင်းရဲ့ ကိုးကွယ်ရာတဲ့လား
မင်းရဲ့ ယုံကြည်ချက်ကသေချာရဲ့ လား
သူတို့ အကြောင်းတွေသေချာသိရဲ့ လား
ဒီမှာညီလေး သူများယုံတိုင်းလိုက်မယုံနဲ့ သူမားလေးစားတိုင်လိုက်မလေးစားနဲ့ 
သူများမုန်းတိုင်းလိုက်မမုန်းနဲ့ 
မင်းဟာငါထင်တာထက်ကိုပိုတုန်းတဲ့ကောင်ပဲ
ငါတို့ ကိုပြန်မပြောနဲ့ ငါတို့ ပြောတာနားထောင်
မင်းကငါတို့ လောက်သိလို့ လား.............။ ။
(နွေဝေး)
No comments:
Post a Comment